Thursday 7 February 2013

“ဆု” မတောင်းဘဲ ပြည့်တဲ့နည်း

ဓမ္မ ဆိုတဲ့ အဓိပ္ပါယ်ကို ဗုဒ္ဓက “သဘာဝရဲ့ အမှန်တရား” လို့ ပြောခဲ့တဲ့ အကြောင်း ဝိပဿနာ ဆရာကြီး ဦးဂိုအင်ဂါ က ၁၀ ရက် တရားပတ် မှာ ပြောပြခဲ့ပါတယ်။ သဘာဝရဲ့ အမှန်တရားဆိုတာ သဘာဝအတွင်းမှာ တည်ရှိနေကြတဲ့ သတ္တဝါတွေ အားလုံးအတွက် ထပ်တူထပ်မျှ မှန်ကန်တဲ့ အကြောင်းတရား ဖြစ်ပါတယ်။


မီးဟာ ပူတယ်ဆိုတာ သဘာဝရဲ့ အမှန်တရားတစ်ခုဖြစ်ပါတယ်။ အာရှ တိုက်သားဘဲ ဖြစ်ဖြစ်၊ အမေရိက တိုက်သားဘဲ ဖြစ်ဖြစ်၊ ဥရောပ တိုက်သား ဘဲ ဖြစ်ဖြစ်၊ မီးကို ကိုင်ရင်တော့ အကုန်လုံး ပူကြမှာပါဘဲ။ လူသတ္တဝါတွေ
လဲ ပူသလို၊ တိရိစ္တာန်တွေလဲ ပူတာပါဘဲ။ ဒါက သဘာဝ ရဲ့ မှန်ကန်တဲ့ သဘော တရား ဖြစ်ပါတယ်။ ဒါက ဓမ္မ ဖြစ်ပါတယ်။ နောက်တစ်ခု က သဘာဝရဲ့ အမှန်တရားဆိုတာ ထင်မြင်ချက်နဲ့လည်း ပြောလို့မရပါဖူး၊ ယူဆချက်နဲ့လည်း တိုင်းတာလို့မရပါဖူး၊ သူတပါးရဲ့ သြဝါဒ စကားနဲ့လည်း အတည်ပြုလို့မရပါဖူး၊ လက်တွေ့ မြင်တွေ့ခံစား သိလို့ရတဲ့ သဘာဝရဲ့ သဘောတရားကိုသာ သဘာဝရဲ့ အမှန်တရားလို့ ပြောနိုင်မှာပါ။

ဗုဒ္ဓတွေ့ရှိထုတ်ဖော် ဟောကြားခဲ့တယ်ဆိုတဲ့ သဘာဝရဲ့ အမှန်တရားကြီး (၄) ခုမှာ- လူတိုင်းမှာ ဆင်းရဲခြင်း အဓိက အကြောင်းကြီး ၃ ခုဖြစ်တဲ့ အိုခြင်း၊ နာခြင်း၊ သေခြင်း ရှိကြတယ်ဆိုတဲ့ ဒုက္ခများဟာ သဘာဝရဲ့ အမှန်တရားဖြစ်တယ်၊ အဲဒီ ဒုက္ခတွေကို သိမြင်နိုင်တဲ့ ဥာဏ် ဖြစ်တဲ့ မဂ်ဥာဏ် လူတိုင်းကိုယ်စီမှာ ရှိကြတယ် ဆိုတာလဲ သဘာဝရဲ့ အမှန်တရား ဘဲ ဖြစ်တယ်၊ အဲဒီလို မဂ်ဥာဏ်ကို မြင်လာတဲ့ အခါမှာ လူတွေဟာ စွဲလမ်းတက်မက်ခြင်း မရှိတော့ဘဲ လူတွေမှာ လောဘ ဒေါသတွေ ပျောက် ကုန်တာလဲ သဘာဝရဲ့ အမှန်တရားဘဲ ဖြစ်တယ်၊ အဲဒီလို စွဲလမ်းတက် မက်မှု အလျဉ်း မရှိတော့ဘဲ၊ လောဘ ဒေါသတွေ လုံးဝ ကုန်စင်သွားတဲ့ အခါမှာ အိုခြင်း နာခြင်း သေခြင်း ဆိုတဲ့ ဒုက္ခတွေဟာလည်း အလို လို ပျောက်ကွယ် ကုန်ကြတယ် ဆိုတာလည်း သဘာဝရဲ့ အမှန်တရား ကြီးများ ဖြစ်ပါတယ်။ အဲဒီမှာ ဗုဒ္ဓက ဒုက္ခဆိုတဲ့ အမှန်တရားကို မြင်နိုင်တဲ့ မဂ်ဥာဏ်ကို ဘယ်လို ရအောင် ကိုယ်တိုင် လက်တွေ့လုပ်ယူခဲ့တယ် ဆိုတဲ့ နည်းကို လူတွေကို လမ်းပြသင်ပေးခဲ့တာပါ။

တကယ်တော့ ဗုဒ္ဓ ဟာ “နတ်” မဟုတ်ပါဘူး။ မိမိကိုယ် မိမိ ဒုက္ခ အဆင်းရဲ ခံပြီး တောထဲမှာ ၄ နှစ်လောက် ကျင့်ကြံအားထုတ် ရှာကြံခဲ့တဲ့ နည်းလမ်း
ကို ကဗျာတွေ၊ လင်္ကာတွေ၊ ဂါထာတွေ၊ အမျိုးမျိုးနဲ့ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံင်္ဃာ ဂုဏ်တော်တွေကို ချီးကြူးပြီး၊ မဂ်ဥာဏ်ကို
ရဖို့ ဆုတောင်းတိုင်းသာ ဖြစ်နိုင်မယ်၊ စွမ်းဆောင်နိုင်မယ်၊ “မ” နိုင်မယ် ဆိုခဲ့ရင် ဗုဒ္ဓဟာ မဂ်ဥာဏ်ကို ရနိုင်ဖို့ ကျင့်ကြံအားထုတ်တဲ့ ဝိပဿနာ တရားကို နောက်ထပ် အပင်ပန်းခံပြီး နှစ်ပေါင်းများစွာ ထပ်ဟောနေတယ် ဆိုတာ ယုတ္တိမရှိတော့ပါဖူး။ သဘာဝရဲ့ အမှန်တရား ဆိုတာ ဖန်ဆင်းယူလို့ ရတဲ့ ကိစ္စမျိုးမဟုတ်ပါဖူး။ ဖန်ဆင်းလို့သာ ရခဲ့ရင် ဗုဒ္ဓဟာ သူကိုယ်တိုင် ဖန်ဆင်းနိုင်ခဲ့မှာပေါ့၊ သူဟာ မေတ္တာတရား ကြီးမားတယ် ဆိုတော့ လူတွေအားလုံးကိုလဲ ဖန်ဆင်းပေးခဲ့မှာပေါ့။ အဲသည်လို သာဆိုရင်လဲ
ဒါဟာ သဘာဝမှ မဟုတ်တော့တာဘဲ။

နောက်တစ်ခုက ဗုဒ္ဓဟာ ဒုက္ခဆင်းရဲ ကြီးစွာခံပြီး ကျင့်ကြံအားထုတ်ခဲ့တာ၊ အပင်ပန်းခံပြီး ဟောကြားခဲ့တာတွေဟာ လောဘ၊ ဒေါသ ချုပ်ငြိမ်းစေေ ကြာင်း အကြောင်းတွေဘဲ ဖြစ်ပြီး၊ လောဘ ဒေါသ ချုပ်ငြိမ်းစေတဲ့ နည်းလမ်းတွေ ပေးခဲ့တာဘဲ ဖြစ်ပါတယ်။ လောဘ ဒေါသတွေ တိုးပွားဖို့
ကို အားပေးခဲ့တာ မဟုတ်ပါဖူး။ ဒါဆိုရင် သိန်းထီကြီးပေါက်ရပါလို၏၊ အလုပ်ကောင်းကောင်း ရလိုပါ၏၊ ဟိုဟာ လိုပါ၏၊ ဒီဟာလိုပါ၏ ဆိုတဲ့ လိုအင် လောဘတွေကို တောင်းနေလို့ ရနိုင်ပါ့မလား ဆိုတာလဲ စဉ်းစား ဖို့ ကောင်းပါတယ်။ တစ်ခါ ဘုရားကို ကိုးကွယ်ပါ၏ ဆိုပြီး၊ နှင်းဆီပန်း
အနီ ၉ ပွင့်၊ ဖယောင်းတိုင် ၉ ချောင်း အရင်းပြုပြီး၊ ဒေါ်လာ တစ်သိန်း အမြတ်ရအောင် ဆုတောင်းတဲ့ ကိစ္စဟာလဲ ဗုဒ္ဓကို စီးပွားရေး သဘော ဆက်ဆံ သလို ဖြစ်နေတာ သတိပြုသင့်ပါတယ်။ အလားတူဘဲ ဘေး အန္တရာယ်မှ ကင်းဝေး ရပါလို၏ ဆိုပြီး ဆုတောင်းခြင်းဖြင့်လည်း ဗုဒ္ဓကို သက်တော်စောင့် နတ်လို သတ်မှတ်သလို ဖြစ်နေတယ် ဆိုတာတွေ
ဆင်ခြင်သင့်ပါတယ်။

တကယ်တမ်း ဥစ္စာဓန ကြီးပွားချမ်းသာ တိုးတက်လိုတယ် ဆိုရင် ကြီးပွားရေးဆိုင်ရာ အတတ်ပညာကို လေ့လာပြီး ကျိုးစား အားထုတ်ကြရ မှာပါ။ ဘေးအန္တရာယ်ကင်းကင်း နေနိုင်ဖို့ဆိုရင်လဲ ဗဟုသုတ နဲ့ အသိဥာဏ် ရင့်ကျက်လာအောင် ကြံဆောင်ပြီး၊ အသက် ဥာဏ်စောင့် ဆိုသလို မှန်မှန်ကန်ကန် ဆင်ခြင်တတ်အောင် ကျိုးစား အားထုတ်ကြရမှာပါဘဲ။ အသက်ရှည်လိုလျှင်လည်း ကျမ္မာရေး ပညာကို လေ့လာ လိုက်နာကြရ ပါမယ်။ ဒါကြောင့် ဗိုလ်ချုပ်ကြီးတွေကို လေးစားပါတယ် ဆိုပြီး အလေးပြု
ပြီး ဗိုလ်ချုပ်တွေရဲ့ ပေးကမ်း စွန့်ကြဲတာတွေ ကို မျှော်လင့်တဲ့ ပုံစံမျိုးလို၊ ဗုဒ္ဓကို ဘုရားရှိခိုး အမျိုးမျိုးနဲ့ အမွန်းတင်ပြီး၊ လိုအင်ပြည့်ဖို့ ဆုတောင်းနေ ကြမဲ့ အစား၊ ဗုဒ္ဓဟောကြားခဲ့တဲ့ နည်းလမ်းကို သေသေချာချာ လေ့လာ စမ်းသပ်ကြည့်ရင် သဘာဝရဲ့ အမှန်တရားတွေကို တစ်ဖြည်းဖြည်း မြင် လာပြီး၊ ဘာလုပ်ရင် ဘာဖြစ်မယ် ဆိုတာ ကိုယ်တိုင် သိရှိခံစား နိုင်ပြီးတဲ့ နောက်၊ ဆုတောင်းစရာမလိုဘဲ ကိုယ်တိုင် စွမ်းဆောင် နိုင်ပါလိမ့်မယ်
ဆိုတဲ့ သဘောတရားကို ဝေဌပေးလိုက်ပါတယ်။
တရားအသိတိုးပွားကြပါစေ။

No comments:

Post a Comment